မိုးလေ၀သဆိုင်ရာ မှတ်သားဖွယ်ရာများ



မိုးသက်လေပြင်း (Squalls)
 
မုန်တိုင်းကမ်းမဖြတ်မီရှေ့ပြေးအနေနှင့်လည်းကောင်း၊အတန်းလိုက်ဖြစ်ပေါ်နေသော
သီးခြားမိုးတိမ်တောင်များမှလည်းကောင်း၊တိမ်အောက်ခြေတဖြည်းဖြည်းအောက်သို့
နိမ့်ကျလာရာမှမြေပြင်နှင့် ပေ ၁၀၀၀ မှ ၁၅၀၀ ခန့်အရောက်တွင်လေပြင်းများတိုက်ခတ်
စေပြီး၊မိုးရွာကျခြင်းကို မိုးသက်လေပြင်း ဟုခေါ်ဆိုပါသည်။

 မိုးသည်းထန်စွာရွာသွန်းခြင်း (Heavy Rain)

မုတ်သုံကာလအတွင်းမုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းသောအခြေအနေ၊
မုန်တိုင်းများမြန်မာ့ကမ်းရိုးတန်းနှင့်ဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သော
အခြေအနေများတွင်မြန်မာနိုင်ငံအရပ်ရပ်၌မိုးသည်းထန်စွာရွာသွန်းပါသည်။
မြေမျက်နှာသွင်ပြင်အနေအထားရ မိုးရွာသွန်းမှုပုံသဏ္ဍာန်အနေအထား (Rainfall Pattern)
ကွဲပြားမှုအပေါ်အခြေတည်လျက်မိုးသည်းထန်ခြင်းကိုအောက်ပါအတိုင်းခွဲခြားသတ်မှတ်ထား
ပါသည် -

(က)၂၄နာရီအတွင်း မိုးရေချိန်(၁.၅၀)လက်မ နှင့်အထက်ရွာသွန်းခြင်း၊
(အလယ်ပိုင်းဒေသများဖြစ်သည့်စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး)
(ခ)၂၄နာရီအတွင်း မိုးရေချိန်(၃.၀၀)လက်မ နှင့်အထက်ရွာသွန်းခြင်း
(အလယ်ပိုင်းဒေသမှအပကျန်ဒေသများ)


 မိုးခေါင်ခြင်း (Drought)

ပြည်နယ်နှင့်တိုင်း(သို့မဟုတ်)မြို့နယ်တစ်ခုခုအားမိုးခေါင်ခြင်းဖြစ်စဉ်ကိုအောက်ပါအတိုင်းသတ်မှတ်
ပါသည် -
(က) နှစ်ပေါင်း(၃၀)ပျမ်းမျှမိုးရေချိန်ပမာဏထက်(၂၀)ရာခိုင်နှုန်းမိုးလျော့နည်းမှုသည်(၇)ရက်ထက်
ပိုပါကမိုးခေါင်ခြင်းဟုသတ်မှတ်ပါသည်။

အဆိုပါမိုးခေါင်ခြင်းသည်သာမန်မိုးခေါင်ခြင်း(MinorDrought)ဟုသတ်မှတ်ပါသည်။

(ခ) နှစ်ပေါင်း(၃၀)ပျှမ်းမျှမိုးရေချိန်ပမာဏထက်(၅၀)ရာခိုင်နှုန်းနှင့်အထက်လျော့နည်းမှု(၁၅)ရက်ထက်
ပိုပါက    အဓိကမိုးခေါင်ခြင်း(Major Drought)ဟုသတ်မှတ်ပါသည်။


မိုးကြိုးမုန်တိုင်း (Thunderstorms)


မုန်တိုင်းများနှင့်မှတ်ယူမှုလွဲမှားနိုင်ပါသည်။

မိုးကြိုးမုန်တိုင်းသည်မုန်တိုင်းစစ်စစ်မဟုတ်ကြပါ။

သို့ရာတွင်မုန်တိုင်းထက်ပြင်းထန်ပါသည်။

အပူပျံတက်မှုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာသောမိုးလေဝသဖြစ်စဉ်ဖြစ်ပါသည်။

မိုးကြိုးမုန်တိုင်း၏အထင်ရှားဆုံးလက္ခဏာမှာ လျှပ်စီးပျက်(လက်)ခြင်း၊မိုးကြိုးပစ်ခြင်းနှင့်
လေပြင်းတိုက်ခြင်း တို့ဖြစ်ပါသည်။

မိုးရွာသွန်းမှုမှာအလွန်အမင်းများပြားမှုမရှိသော်လည်းတိုတောင်းသောအချိန်(မိနစ်၃၀ခန့်အတွင်း)မိုးရွာပြီး
၊မိုးကြိုးမုန်တိုင်းဖြစ်စဉ်ပြီးသည်နှင့်မိုးတိတ်သွားခြင်းမျိုးဖြစ်ပါသည်။

လူနှင့်တိရစ္ဆာန်တို့ကို မိုးကြို၊မိုးဦးနှင့်မိုးနှောင်းကာလများတွင်အန္တရာယ်ပေးသောဖြစ်စဉ်ဖြစ်ပါသည်။

အယ်နီညို  (El nino)


အီကွေတာပစိဖိတ်သမုဒ္ဒရာဒေသ၏ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်ရေအောက်အပူချိန်များ
ပုံမှန်ဖြစ်မြဲထက်ပိုမိုပူနွေးကာ  ကမ္ဘာ့မြောက်ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းဒေသများမှ ကုန်သည်
လေမှန်များ၏လေစီးနှုန်းပုံမှန်ထက်လျော့နည်းခြင်းနှင့်ပစိဖိတ်သမုဒ္ဒရာအရှေ့အနောက်လေထု
ဖိအားလွှဲချိန်ပြောင်းလဲမှုများဖြစ်ပေါ်ခြင်းစသည့်အခြေအနေများသည်အယ်နီညို(El nino)ရာသီ
ဥတုဖြစ်စဉ်ဖြစ်ပေါ်ခြင်းနှင့်ဆက်စပ်နေသောလက္ခဏာများဖြစ်ပါသည်။

ပုံမှန်အားဖြင့်(၇)နှစ်လျှင်တစ်ကြိမ်ခန့်ဖြစ်ပေါ်လေ့ရှိပြီး၊

ခရစ်စမတ်ကာလများအတွင်းအားအကောင်းဆုံးဖြစ်တတ်ကာအချိန်ကာလအားဖြင့်
(၁)ရာသီမှ(၁)နှစ်ခန့်အထိကြာမြင့်နိုင်ပြီး
လေထု နှင့်သမုဒ္ဒရာအပြန်အလှန်အကျိုးသက်ရောက်စေလျက်ပုံမှန်ဖြစ်ပေါ်ရမည့်လေထုဆိုင်ရာ
လက္ခဏာများအပေါ်ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်စဉ်ကိုအယ်နီညိုဟုသတ်မှတ်ကြသည်။
အယ်နီညိုဖြစ်သောနှစ်တွင်မုတ်သုံကာလ၌မုတ်သုံမိုးညံ့ပြီး ၊မုတ်သုံလက္ခဏာများပျောက်နေခြင်း၊
လေတိုက်ခတ်မှုပုံသဏ္ဍာန်ပြောင်းခြင်း၊ပျံကျမိုးများသာရွာခြင်း၊မိုးအားလျော့နည်းခြင်း၊မုန်တိုင်း
ဖြစ်ပေါ်မှု မူမမှန်ဖြစ်စေခြင်းစသည့်သက်ရောက်မှုများကိုခံစားရစေပါသည်။  

လေဆင်နှာမောင်း (Tornado)

လေဆင်နှာမောင်းသည်မုန်တိုင်းကြီးများနှင့်တွဲလျက်ပါလာသော မိုးတိမ်တောင် (Cumulonimbus)
သို့မဟုတ်သီးခြားဖြစ်ပေါ်သည့်မိုးတိမ်တောင်ကြီးများ၏အောက်ခြေတွင်ဖြစ်ပေါ်သောပြင်းထန်သည့်
မိုးလေဝသဖြစ်စဉ်တစ်ရပ်ဖြစ်သည်။
လေဆင်နှာမောင်းမှာတိမ်တိုက်အတွင်းအထက်တက်လေနှင့်အောက်ဆင်းလေများသည် အချင်းချင်း
ပွတ်တိုက်လျက် လေပွေ(Vortex) အငယ်စားဖြစ်ပေါ်ရာမှအောက်ခြေမြေပြင်ပေါ်ရှိအရာဝတ္ထုနှင့်
အဆောက်အဦ၊အပင်များကိုအပေါ်သို့ဘယ်ရစ်ရစ်လျက်ပင့်တင်ဆွဲယူသွားပြီး၊ဖြစ်စဉ်အတွင်း
လေတိုက်နှုန်းမိုင် ၆၀ မှ ၈၀ ခန့်နှုန်းဖြင့်သယ်ဆောင်တိုက်ခတ်သွားခြင်းဖြစ်ပါသည် ။


ဖြစ်ပွားချိန်မှာ (၁၅)မိနစ်မှ (၃၅)မိနစ်ခန့်သာကြာပြီး 
ထိခိုက်မှုဧရိယာမှာလည်း (၁)မိုင်အောက် လျော့ပါသည်။ 

အဆိုပါဖြစ်စဉ်သည်ပင်လယ်ထဲ၌ ဖြစ်ပါက ရေဆင်နှာမောင်း(Water spout)ဟုခေါ်ပါသည်။

အပူလှိုင်း (Heat wave)

မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသတွင်ဧပြီ၊မေလများ၌အဖြစ်များပါသည်။တစ်ခါတစ်ရံ
အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်တတ်လေ့ရှိသည့်ကာလကြာရှည်သည့်အပူလှိုင်း၏သက်ရောက်မှုကြောင့်
လည်းမြန်မာနိုင်ငံအနောက်ပိုင်းဒေသများတွင်ဖြစ်ပေါ်တတ်လေ့ရှိပါသည်။အထူးသဖြင့်ရာသီဥတု
ဖောက်ပြန်တတ်သည့်အားကောင်းသောအယ်နီညိုနှစ်များ၊အင်ဆိုနှစ်များတွင်ပို၍အဖြစ်များတတ်ကာ
၁၉၉၈ခုနှစ်မေလအတွင်းဖြစ်ပေါ်ခဲ့သောအပူချိန်စံချိန်တင်မြင့်တက်ခဲ့မှုများသည်မြန်မာနိုင်ငံအလယ်
ပိုင်းဒေသများမြေလတ်ပိုင်းဒေသများနှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင်အပူချိန်မြင့်တက်မှုများဖြစ်ပေါ်ခဲ့
ပါသည်။အပူလှိုင်းများ၏သက်ရောက်မှုကြောင့်ကျန်းမာရေးကဏ္ဍ၊ရေသယံဇာတစီမံခန့်ခွဲမှုကဏ္ဍ၊
စိုက်ပျိုးရေးနှင့်သီးနှံထုတ်လုပ်မှုကဏ္ဍများတွင်ထိခိုက်မှုရှိနိုင်၍အများပြည်သူအားကြိုတင်ကာကွယ်ရန်
နည်းလမ်းများ၊သတင်းသတိပေးချက်များ၊အသိပညာပေးခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီး၊သက်ဆိုင်ရာ
အဖွဲ့အစည်းများမှလည်းရာသီဥတုခန့်မှန်းချက်များကိုအသုံးချ၍ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများပြုလုပ်
သင့်ပါသည်။

အအေးလှိုင်း (Cold wave)

ဆောင်းမုတ်သုံအားကောင်းတတ်သည့် ဒီဇင်ဘာလ၊ဇန်နဝါရီလ များအတွင်းမြန်မာနိုင်ငံအရှေ့ဘက်
ရှမ်းကုန်းမြင့်ဒေသများ၊မြေလတ်ပိုင်းဒေသများတွင်အအေးလှိုင်းဖြစ်ပေါ်မှုအများဆုံးဖြစ်ပေါ်ကြောင်း
တွေ့ရပါသည်။
ဆောင်းမုတ်သုံကာလတွင်းတရုတ်ပြည်ပေါ်မှ လေဖိအားများဒေသ(High Pressure
Region)သည်တဖြည်းဖြည်းအင်အားချဲ့ထွင်လာသည့်အခါ၎င်းလေဖိအားများဒေသမှ လေဖိအားများ
ဘောင်တန်း(Ridge)သည်မြန်မာနိုင်ငံသို့အရှေ့မြောက်ဘက်မှတိုးဝင်လာပြီး၊၎င်းလေဖိအားများ
ဘောင်တန်းထိပ်ဖက်တွင်အအေးပိုခြင်း ဖြစ်ပေါ်လာပါသည်။
ပုံမှန်အပူချိန်အောက်၃ဒီဂရီစင်တီဂရိတ်နှင့်ယင်းအထက်ပို၍လျော့ကျပြီးထိုသို့လျော့ကျမှုသည်နေရာ
အနှံ့အပြားတွင်(၂)ရက်ထက်ပိုသောကာလအထိဖြစ်ပေါ်နေလျှင်အအေးလှိုင်းဖြတ်သည်ဟုသတ်မှတ်
ပါသည်။
   

Source : မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Share on Google Plus

About Ko Aung

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment